banner image

Ads

banner image

"ပျောက်ဆုံးနေသော အမရပူရနန်းတော်"

အမရပူရသမိုင်းကြောင်း ကို ဒီလိုပြောကြပါတယ် “အမရပူရမြို့ကို စတည်သူမှာ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား(ခေါ်)ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် အင်းဝတွင် နန်းစံနေရာမှ အင်္ဂလိပ်တို့၏ သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း ရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ် တည် ရန်ကြံသည်။ နန်းတွင်းဗေဒင်ဆရာတို့၏ အကြံပေးချက်အရ မြို့တည်ရန် နေရာရွှေးရာ လက်ဆည်ကန်ရွာနေရာကို အမရပူရမြို့နေရာအဖြစ် အတည်ပြု၍ ၁၀၊အောက်တိုဘာ၊ ၁၇၈၁ တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ …….. ” ဒီလိုဖော်ပြထားပါတယ်။
အစကနေပြောရရင်တော့ အလောင်းမင်းတရားကြီး က ရွှေဘိုမှာ နန်းစံခဲ့ပြီး သားတော် နောင်တော်ကြီးမင်းလက်ထက်ကျ အင်းဝ မြို့ကို ပြောင်းရွှေ့ပါတယ်။ အင်းဝမှာ မြေဒူးမင်း၊ စဥ့်ကူးမင်း၊ ဖောင်းကားစား မင်းတို့ နန်းတက်ခဲ့ပြီး အလောင်းမင်းတရားရဲ့ စတုတ္ထ သားတော် ဗဒုံမင်း (ဘိုးတော်ဦးဝိုင်း) လက်ထက်ကျတော့ အမရပူရမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။
အဲ့သည့်မှာစိတ်ဝင်စားစရာအချက်က သမိုင်းတွေက ဧရာဝတီမြစ်ရေတက်ချိန် အင်းဝနန်းတော်ရှေ့တည့်တည့်ထိ အင်္ဂလိပ်သင်္ဘောတွေ ရောက်နိုင်တယ် အမြောက်နဲ့ပစ်ခတ်ရင် နန်းတော်တစ်ခုလုံးဘယ်နေရာမဆို ပစ်ခတ်နိုင်တယ် တိုက်ခိုက်နိုင်တယ် ဆိုလို့ ဗဒုံမင်းက အမရပူရကို ပြောင်းရွှေ့စံတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့လိုက်တဲ့ အမရပူရနန်းတော်ဟာလည်း တောင်သမန်ကပ်လျှက်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဧရာဝတီမြစ်ရေတက်ချိန်ဆိုရင် တောင်သမန်ကိုသွားတဲ့ ချောင်းတွေရဲ့ လမ်းကြောင်းကနေ အင်္ဂလိပ်သင်္ဘောက ဝင်လို့ရနေပြန်ပါတယ်။ သမိုင်းမှာ အာသာဖယ်ရာတို့ ဦးဆောင်တဲ့သံအဖွဲ့ဟာ အင်းဝမြို့ကိုလာကြတုန်းက တောင်သမန်ကို သင်္ဘောနဲ့ ဖြတ်ဝင်တာနန်းတော်ဦးထိပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအမြင်အရဆိုရင်တော့ အမရပူရနန်းတော်ရဲ့တည်ရှိမှုဟာ အင်းဝနန်းတော်လောက် အန္တရာယ်မများတာတော့ အမှန်ပါပဲ။ ဘာလို့ဆိုတော့ ဧရာဝတီကနေ တောင်သမန်ကိုသွားတဲ့လမ်းတစ်လျှောက် မှာတံတားငယ်များစွာကို တည်ဆောက်ခြင်းနဲ့လည်း စစ်သင်္ဘောတွေရဲ့ ရန်ကိုကာကွယ်နိုင်ပါတယ်။ နောက်ပြီး မြစ်ကျဉ်းက ဝင်တဲ့ အချိန်မှာ မလူးသာမလွန့်သာသွားနေရတဲ့ သင်္ဘောကို အမြောက်နဲ့ပစ်ခတ် တိုက်ခိုက် ဖို့ရာ လွယ်ကူပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ တားဆီးနိုင်ပါတယ်။
ကြားဖြတ်တစ်ခုပြောပါရစေ ဦးပိန်တံတားအကြောင်းပါ။ ဘာသာရေးတွေ နိုင်ငံရေးတွေ- ပါးစပ်ရာဇဝင်တွေ လုံးဝ (လုံးဝ) မပါပါဘူး… ခိုင်မာတဲ့သမိုင်းဖြစ်စဉ်ကိုပဲသုံးသပ်ပြမှာပါ။ ပုံထဲမှာ အနီရောင်ပြထားတာက ဦးပိန်တံတားပေါ့။ ပုဂံမင်း လက်ထက် ငယ်ကျွန်မြို့ဝန်ဘိုင်ဆပ် ရဲ့ စာရေးကြီး ငပိန် ဟာ အင်းဝနန်းတော်ဟောင်းကိုဖျက်သိမ်းပြီး တောင်သမန်မှာ တံတားထိုးဖို့ ဘရင်ကိုတင်လျှောက်လာပါတယ်။ ဘုရင်ကခွင့်ပြုလိုက်ပါတယ်။ အင်းဝနန်းတော်ကိုဖျက်ပြီး ၁.၂ ကီလိုမီတာ (သို့) တစ်မိုင်ရဲ့လေးပုံသုံးပုံ ရှည်လျားတဲ့ ကျွန်တံတားတည်ဆောက်ပါတယ်။ ပေနဲ့ဆိုရင် ၃၉၆၇ ပေ ပါ။ ဘိုင်ဆပ်တို့ မောင်ပိန်တို့ရဲ့ သားစဉ်မြေးဆက်တွေကတော့ ကြံဖန်ဂုဏ်ယူပြီး ဂုဏ်ယူစရာဖြစ်အောင်ပြောမှာပါ။
ဦးပိန်တံတားဆောက်လိုက်လို့ သင်္ဘောဟာ နန်းတော်ဦးထိမရောက်ဘူး အမျှော်အမြင်နဲ့ဆောက်ခဲ့တယ် လို့ ဂုဏ်ယူတတ်ကြပါတယ်။ နိုင်ငံခြားသားတွေ အလည်လာရောက်မှု ချီးကျူးမှုတွေကြောင့်လည်း ဂုဏ်ယူတတ်ကြပါသေးတယ်။
ဦးပိန်တံတားကြောင့် သင်္ဘောတွေဟာ နန်းတော်ဦးထိမပေါက်တော့ပေမယ့် တောင်သမန်အင်းထဲဝင်လို့ရနေပါတယ်။ အဲ့လိုတစ်ဝက်တစ်ပျက် အတားအဆီးဖြစ်ဖို့အတွက် ပေ ၄၀၀၀ လောက်ကျွန်းသစ်တွေ အသုံးပြုရပါတယ် တောင်သမန်ထဲကို ဝင်မယ့် မြစ်ကျဉ်းတွေ ပေါ်မှာ တံတားဖြတ်ဆောက်ဖို့အတွက်ဆိုရင် ပေ ၁၀၀ - ၁၅၀ အရှည်တံတားတွေ နဲ့ အပြည့်အဝ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဦးပိန်တံတားဟာ မြန်မာတို့အတွက် ဂုဏ်ယူစရာတံတား ဖြစ်လားဆိုရင် ဖြစ်တယ်လို့ ပြောရမှာဖြစ်ပေမယ့် အင်းဝနန်းတော်သာမဖျက်ခဲ့ရင်အင်းဝနန်းတော်ကြီးဟာပိုပြီးဂုဏ်ယူစရာကောင်းနေမှာပါ။ အခုတော့ အင်းဝမှာ နန်းတော်အရာပဲကျန်ပါတော့တယ်။ ဒါနဲ့ပတ်သတ်လို့ဦးပိန်တံတားအကြောင်း အသေးစိတ်ရေးပါမယ်။ အခုလောလောဆယ် လက်ရှိအကြောင်းအရာကို ဆက်ပြောပါမယ်။

ဘိုးတော်ဘုရားဟာ ၁၇၈၁ မှာ အမရပူရနန်းတော်ကို စတင်တည်ဆောက်စေပြီး ၂ နှစ်အတွင်းပြီးစီးခဲ့ပါတယ်။
နန်းသိမ်းပွဲအခမ်းအနားနဲ့ နန်းစံပြီး ၂၇ နှစ်အကြာမှာ မီးအကြီးအကျယ်လောင်လို့ အမြန်ပြုပြင်စေပြီး ၉လအကြာမှာ ပြီးစီးခဲ့ပါတယ်။ ဘိုးတော်ဘုရား အလွန် မြေးအကြီး ဘကြီးတော်လက်ထက်ကျတော့ အင်းဝကိုပြန်ပြောင်းပြီးနန်းစံပါတယ်။ ဘကြီးတော်ရဲ့ညီတော် သာယာဝတီမင်းလက်ထက်ကျတော့ အမရပူရကိုပဲ နန်းမြို့အဖြစ်ကြေငြာပြီးပြန်လည်နန်းစိုက်ပါတယ်။ သာယာဝတီမင်းရဲ့ သားအလတ် မင်းတုန်းမင်းလက်ထက်ကျတော့ ၁၈၅၉ ခုနှစ်မှာ မန္တလေးရတနာပုံ မြို့တည်ခဲ့ပြီး ပြောင်းရွှေပြန်လို့ အမရပူရဟာ နန်းမြို့အဖြစ်မှ လျောကျခဲ့ပါတယ်။ A.D ၁၈၅၉ ထဲက ၆၃၈ နှုတ်တော့ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ရပြီး အဲ့ဒီခုနှစ်ဟာ အုတ်ကျစ်ကျော်အေး မန္တလေး၊ အောင်ကျော်ချမ်းအေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ ဆိုတဲ့ မြို့တည်ခဲ့တဲ့နှစ်ပါ။
စာစောကပြတာက လက်ရှိမြေပုံပါ အခုကတော့ ရှေးမြေပုံပေါ့။

အင်းဝမြို့ဟောင်းသည် အေဒီ ၁၃၆၄ မှ ၁၈၄၀ ထိနှစ်ပေါင်း (၄၀၀) ခန့် (၄) ကြိမ်တိုင်တိုင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြို့တော်ဟောင်းတစ်ခု ဖြစ်သည်။ ဗြိတိသျှတို့ တိုက်ခိုက်သိမ်းယူခြင်း မပြုမီက မြန်မာနိုင်ငံကို ပြည်ပက AVA (အင်းဝ) ဟုသာ ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။

စောစောကပုံကို နည်းနည်း ချဲ့လိုက်ရင် မြင်ရမယ့် အမရပူရနန်းတော်ဟောင်းရဲ့ ကျုံးအရာကြီးပါ။
နိုင်ငံတကာမှာတော့ မိမိတို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ကို ကမ္ဘာကိုပြချင်လို့ တူးဖော်သင့်တာတူးဖော်၊ ပုံစံတူပြန်ဆောက်တန်တာ ပြန်ဆောက်နဲ့ ရှေးဟောင်းနယ်မြေအဖြစ်သတ်မှတ်ပြီးဝံ့ဝံ့ကြွားကြွား ပြသကြတတ်ပါတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့မှာဆို ရှေးဟောင်းအိမ်တွေ ၊ နန်းတော်ပုံစံတွေ နဲ့ ဧရိယာတစ်ခုသတ်မှတ်ပြီး အလည်လာဖို့၊ မှတ်တမ်းတင်ဖို့၊ သမိုင်းလေ့လာဖို့၊ ရုပ်ရှင်ရိုက်ဖို့အတွက်တို့ ထားရှိပါတယ်။ ကျွန်တော်တို့မြန်မာပြည်နောက်ဆုံးမင်းဆက်ရဲ့ နန်းတော်တစ်ခုဖြစ်တဲ့ အမရပူရနန်းတော်ဟာတော့ ဂြိုဟ်တုက ကြည့်ရင်တောင် အထင်အရှားမြင်နိုင်ပေမယ့် အဲ့သည့်နားကိုနေ့စဉ်ဖြတ်သွားနေတဲ့သူတော်တော်များများတောင် ရှိမှန်းမသိပါဘူး။ နန်းတော်ရဲ့ တောင်ဘက်၊ တောင်သမန်အင်းနဲ့ကပ်လျှက် (ပုံမှာအောက်ဘက်) တောင်တမန် အင်းပတ်လမ်းဟာ ရတနာပုံကျောင်းကိုသွားတဲ့လမ်းကြောင်းပါပဲ။
ဂြိုဟ်တု ဓာတ်ပုံကတစ်ဆင့် တိုင်းတာချက်အရ ကျုံးတစ်ဖက်ကို ပေ ၅၈၈၀ နီးပါး ကျယ်ပါတယ်။ တစ်မိုင်နဲ့ တစ်ဖာလုံနီးပါးပါ။
ဧရိယာကတော့ ၁.၂၄ စတုရန်းမိုင်နီးပါး ရှိပါတယ်။
ဧကနဲ့ တွက်ရင် ၇၉၄ ဧက ဝန်းကျင်ပါ။ (မန္တလေးကျုံး က ၁၄၄၀ ဧက ဝန်းကျင်ရှိပါတယ်)

အမရပူရ ကျုံး နဲ့ နန်းတော်ဟောင်းရာ နယ်ကြီးဟာ ခုဆို အကြမ်းဖြင်းအားဖြင့်တော့ ၃ ပိုင်းခွဲခံထားရပါတယ်။
ပုံမှာ ၁၊ ၂၊ ၃ခွဲပြထားပါတယ်။
(၁) ကတော့ အခုလက်ရှိအမရပူရမြို့ရဲ့အစိတ်အပိုင်းပါ။ ဒါကတော့ သဘာဝကျပါတယ် အမရပူရမြို့ဟောင်းရှိခဲ့တဲ့နေရာမှာ တောင်မြို့ခေါ် အမရပူရမြို့သစ်မြို့ဆက်ရှိနေတာပါ။ ဧရိယာ - ၂၁၂ ဧကလောက် ရှိပါမယ်။

(၂) ကတော့ …………………………
……………….. ဟုတ်ကဲ့ တပ်ပိုင်မြေ ဧရိယာပါခင်ဗျာ။ ၂ စတုရန်းKm နဲ့ ညီမျှတဲ့ ၄၉၀ ဧက နီးပါး ကျယ်ဝန်းတဲ့ နန်းတော်ရဲ့နေရာကို တပ်ပိုင်မြေသိမ်းထားခြင်းပါ။ ( ၅.၈ စတုရန်းKm နီးပါး ရှိတဲ့ မန္တလေးနန်းတော်ကို တပ်ပိုင်မြေသိမ်းထားတာနဲ့စာရင် နည်းတယ်လို့တောင် ပြောနိုင်ပေမယ့် ရှေးဘုရင်တွေကိုအားကျပြီး ဘုရင်တွေရဲ့ သမိုင်းဝင် နန်းတော်တွေကို တပ်မြေလုပ်ထားတာ မည်သို့မည်ပုံ သဘော နဲ့ ဘယ်လိုအတွေးနဲ့ လုပ်ထားတယ်ဆိုတာ သူတို့သာလျှင်သိပါလိမ့်မယ်)

(၃) ကတော့ အစိုးရသစ်တောဌာန ဧရိယာပါ ၉၁ ဧကဝန်းကျင်ရှိပါတယ်။ ဧရိယာ ၂ထဲက တချို့နေရာတွေမှာလည်း သစ်လုံးတွေအတင်အချလုပ်တာတွေ့ပါတယ်။

(စာကြွင်း - သုံးပုံတစ်ပုံသော လွတ်လပ်စွာလေ့လာလို့ရတဲ့ အမရပူရမြို့ ဧရိယာတစ်ဝိုက်မှာ ရှေးကတည်းက Original အဆောက်အဦးတွေ အများကြီးရှိပါသေးတယ်..။ လေ့လာကြပါခင်ဗျ။ ဘုရား ပုထိုး စေတီ ကျောင်းကန် လက်ကျန်အဆောက်အဦး စသဖြင့်ပေါ့လေ.. ပြီးတော့ နန်းစတည်ကတည်းကရှိခဲ့တဲ့ ရွှေတိုက်တော် ၊ ငွေတိုက်တော်တို့လည်းရှိပါသေးတယ်..။ ရွှေတိုက်တော် တို့အကြောင်းကိုတော့ ဒီမှာဆက်လေ့လာနိုင်ပါတယ် http://myawady-myawady.blogspot.com/2014/09/blog-post_35.html )


 
တပ်ပိုင်မြေသိမ်းခံရတဲ့ထဲမှာ ဘုရားတွေပါ ပါတယ်ဆိုရင် ယုံကြမလား ဒါမှမဟုတ် အံသြကြမလား ဒါမှမဟုတ် သိပြီးသားပါဆိုတဲ့ ပုံစံမျိုးနဲ့ပဲ စိတ်ပျက်လက်ပျက်ခေါင်းရမ်းကြမလားတော့ ကျွန်တော်မပြောတတ်ပါ။ စောစောက ပုံမှာ ပါတဲ့ တပ်ပိုင်မြေဧရိယာအတွင်းမှာပါတဲ့ ဘုရားတွေပါ။ ဘကြီးတော်ရဲ့ ဂူပြဿာဒ်လည်းပါပါတယ်။ ဘိုးတော်ဦးဝိုင်းရဲ့ ဂူပြဿာဒ်လည်းပါပါတယ်။ ဦးဝိုင်းဂူပြဿဒ်မှာ နှီးဘုရားလည်း တည်ထားပါတယ်။ ပြီးတော့ ဦးပေါ်ဦး ဂူပြဿာဒ်၊ဦးဝိုင်းသက်ရှိစဉ်ကတည်ခဲ့တဲ့ စေတီ ဒါတွေ အကုန်လုံးဟာ သာသနိကနယ်မြေဖြစ်သလို သမိုင်းဝင်နယ်မြေလည်းဖြစ် ပါတယ်။ ဒါတွေ ဟာခုချိန်မှာ တပ်ပိုင်မြေဖြစ်နေတဲ့အတွက် ဝင်ရောက်လေ့လာချင်တဲ့သူတောင် တော်ရုံဝင်ဖို့မလွယ်ပါဘူး။ ပုံမှာမြင်ရတဲ့ ကျုံးရာရဲ့ ထောင့်စွန်းမှာတော့ ဦးပေါ်ဦး - ဦးစီးပြီးတည်ခဲ့တဲ့ရွှေစကား (ရေးတော့ - ရွှေစံကား) ဘုရားရှိပါတယ်။ အဲ့သည့် ဧရိယာသေးသေးလေးကို သာသနိကနယ်မြေအဖြစ်သတ်မှတ်ပေးထားပါတယ်။ ဝင်လို့ရပါသေးတယ်။ တံတိုင်းခြားထားတာ ကျော်သွားလို့ ဘိုးတော်ဦးဝိုင်းစေတီ ဆိုတဲ့နားရောက်ရင်တော့ တပ်ပိုင်မြေဖြစ်ပါပြီ

အမရပူရ နန်းတော်ရာ ဧရိယာထဲမှာပါဝင်နေတဲ့ ခေတ်သစ် အမရပူရမြို့
မြေပုံမှာပြထားတဲ့ထဲက ဘကြီးတော် ဂူပြဿာဒ်ပါ ရှေးဟောင်းလက်ရာမဟုတ်တော့ပါဘူး Original တွေမရှိတော့ပါဘူး နောက်အသစ်သုတ်ထားတဲ့ ဆေးတွေ နောက်အသစ်ဆောက်ထားတဲ့ ကျောက်စာတွေကိုသာတွေ့ရပါတော့တယ်။
ကနဦးစဖတ်လိုက်တာနဲ့ ဘကြီးတော်ရဲ့ ဂူပြဿာဒ်ဆိုတာ မတွေ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ... ဘယ်သူ ဘယ်ဝါ ဆိုတာတွေကို ကျောက်စာတစ်ဝက်ကျော်တွေ့ရမှာဖြစ်ပြီး

ဘကြီးတော် ဆိုတဲ့နာမည်က အောက်မှာမှ စ ပါပါတော့တယ်။
ကျွန်တော်သိပ်မပြောတော့ဘူး နောက်ပိုင်းပုံတွေလည်း မိမိဘာသာခံစား ကြည့်ရှူ့ကြည့်ပါ။

(စာကြွင်း ။ ။ ဂူပြဿာဒ် ဆိုတာ ပြောရမယ်ဆိုရင် သည်အထဲမှာ ဘကြီးတော်ရဲ့ အရိုးပြာအိုးလည်းရှိပါတယ်။ ဒါတွေဟာ တကယ်ထိန်းသိမ်းသင့်တဲ့ သမိုင်းအမွေအနှစ်တွေပါ)

ဘကြီးတော် ဂူပြဿာဒ်က ရေးထိုးထားတဲ့စာပါ။
သဘောကောင်းပေမယ့် မိန်းမ တစ်ယောက် ကိုအလိုလိုက်ပြီး တိုင်းပြည်ဖရိုဖရဲစဖြစ်လာ ၊ ပထမဆုံးအကြိမ် အင်္ဂလိပ် ကျူးကျော်စစ် ကိုကြုံရပြီး ဘိုးဘေးတွေ ရဲ့ အင်ပါယာ ငါ့လက်ထက်မှ ဖြစ်ရလေခြင်းဆိုပြီး စိတ်ကျရောဂါဖြစ်ရတဲ့ဘုရင်မို့ အင်မတန် သနားစရာကောင်းတဲ့ဘုရင်ပါ။
သက္ကရာဇ် ၁၁၉၉ AD1837 မှာ ညီတော်သာယာဝတီမင်းသား ကိုမယ်နုတို့က ရန်ရှာလာတာကြောင့် ထက်မြက်တဲ့ သာယာဝတီမင်းသားဟာ ပုန်ကန်ခြားနားပြီး နန်းသိမ်းလိုက်ပါတယ်။ သို့သော် အစ်ကိုတော် ကိုရော မယ်နုကိုရောမသတ်သေးပါဘူး။ အဲ့သည့်မှာမှ မယ်နုတို့က အင်္ဂလိပ်နဲ့ဆက်သွယ်ပြီး ထီးနန်းပြန်လုဖို့ကြံတာကြောင့် မယ်နုမောင်နှမကို ရေချဖျောက်ဖျက်ရပါတယ်။
အစ်ကိုဖြစ်သူကို အသက်ဆုံးသည့်တိုင်အောင် ကောင်းမွန်စွာထားပါတယ်။ သာယာဝတီမင်း နန်းစံပြီး ၉ နှစ်အကြာ ၁၂၀၈ ခု AD.1846 မှာမှ ညီအစ်ကို၂ဦး တစ်နှစ်ထဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ပါတယ်။

ဒီကျောက်စာမှာ ရေးရမှာက နတ်ပြည်စံနှစ်သည် ၁၂၀၈ ပါ မှားနေပါတယ်။ ၈ နဲ့ ၀ နဲ့ ရောသွားပုံရတယ်။

စကားစပ်လို့ပြောချင်တာက သာယာဝတီမင်း ရဲ့ ဂူပြဿာဒ်သည်လည်း အမရပူရ နန်းတော်နယ်မြေထဲမှာ ရှိတယ်လို့ သမိုင်းကဆိုပါတယ်။ သို့သော် ကျွန်တော်တို့ သာမာန်ပြည်သူတွေ ဝင်ခွင့်မရမယ့် နေရာတစ်နေရာမှာ ရှိမှာမို့ ဘယ်မှာ ရှိမှန်းမသိပါ။ တစ်ချိန်ချိန်မှာ အားလုံး ပြန်လည်ဖော်ထုတ်ခွင့်ရစေချင်ပါတယ်။
ဒါက ဘိုးတော်ဘုရားဂူပြဿာဒ်ပါ..။ ဘုရားလည်းဖူးဖို့ ဓာတ်ပုံလည်းရိုက်ဖို့အတွက် ဘယ်လိုဝင်ပါမလဲလို့ ရွှေစကား ဘုရားနားမှာ ရှိတဲ့ သံဃာတစ်ပါးကိုမေးတော့..။
" ဒကာလေးသွားချင်ရင် ဒီကနေလမ်းလျှောက်သွားလည်းရတယ်ဆိုပြီး လက်ညှိုးညွှန်ပြတယ်။ ထရံနဲ့ကာထားတဲ့ တံတိုင်းတွေ့တယ်..
ဒီထရံထိက သာသနိကမြေ ဟိုဘက်က မဟုတ်တော့ဘူး။ သွားချင်ရင် ဆိုင်ကယ်နဲ့ ရှေ့ကနေပတ်ဝင်လည်းရတယ် .. ရှေ့ပေါက်ဆိုတာ အမှတ် (၂) ဆိုပြီးပြထားတဲ့ ကွန်ကရစ်ခင်းတဲ့အဝင်ဝ မဟုတ်ဘူးနော် အဲ့လမ်းကဝင်လို့မရဘူး တိုင်းမှုးတို့ ဘာတို့ပဲဝင်လို့ရတာ။ ဒီဘက်တောင်ဘက်အပေါက်ကနေ ဝင်ခွင့်တောင်းပြီး ဆိုင်ကယ်တွန်းဝင်လို့ရတယ် ဘုရားဖူးချင်လို့ဆိုရင်တော့ သူတို့ ဝင်ခွင့်ပေးတယ်" တဲ့ ကြေကွဲဆို့နင့်တဲ့ အသံနဲ့ ဖြေတဲ့ ဘုန်းဘုန်း စကားအပြီး ကျွန်တော်ရင်ထဲ တစ်ခုခု ဆုံးရှုံးသွားသလိုခံစားရတယ်။ ဦးချပြီးတော့ ဘုန်းဘုန်း ပြောသလို ပတ်ဝင်တယ်..။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်လေဗျာ... သမိုင်းမှာ အတော်အရေးပါတဲ့ သမိုင်းဝင်ဘုရားဖူးရဖို့ အတွက် ၂ရစ် တပ်ကြပ်တွေ ဒုတပ်ကြပ်တွေ ကိုဆရာကြီး ဘာညာဆိုပြီး ပြုံးပြခွင့်တောင်းရတာပေါ့။ ဝင်တော့လည်း ဆိုင်ကယ်တွန်းဝင်ရတာပေါ့..။ ဘုရားကို ဦးညွှတ်တယ်ပဲ သဘောထားပြီးဝင်ပေါ့ခင်ဗျာ။ လက်ဖက်ရည်ဖိုး ဘီယာဖိုးကတော့ ကျွန်တော်သွားတုန်းမတောင်းလိုက်ပါ။ မိတ်ဆွေတို့ ကားနဲ့သွားမယ်ဆိုရင်တော့ အာမ မခံပါ။

"ပျောက်ဆုံးနေသော အမရပူရနန်းတော်" "ပျောက်ဆုံးနေသော အမရပူရနန်းတော်" Reviewed by Digital BOX on 10:08 AM Rating: 5

No comments:

Powered by Blogger.