banner image

Ads

banner image

အရုပ်ကလေး ရောဘတ် (တကယ့် Chucky)

ငယ်ငယ်တုန်းက ဂျင်းန်
ပန်းချီဆရာ ရောဘတ်အူဂျင်းအိုတို
ဂျင်းန်တို့မိသားစုနေခဲ့တဲ့ Artists' Hands




ဂျင်းန် လက်ထပ်တုန်းက
ရောဘတ်

မှန်တိုက်ထဲက ရောဘတ်


မျက်နှာအမူအရာပြောင်းနေတယ်ပြောကြတယ်


‘ကျွန်တော်လုပ်တာ မဟုတ်ဘူး ၊ ရောဘတ်လုပ်တာ’ (ဂျင်းန်)
‘ရောဘတ်က အသက်ရှိတယ်.. ကျွန်မကို နေ့တိုင်း နှိပ်စက်တာ ငရဲရောက်နေသလိုပဲ.. သူ ကျွန်မကို သတ်ဖို့ ကြိုးစားတယ်ဆိုတာ ကျွန်မကျိန်ပြောရဲတယ်’ (နှစ်ပေါင်း ၃၀ကြာအောင် ပြောနေခဲ့တဲ့ စကား)
‘အိမ်ထဲဝင်သွားတော့ သံချောင်းကြီး ကျောပေါ်လာကပ်လိုက်သလို အေးခနဲ ဖြစ်သွားတယ်.. အရုပ်မျက်နှာကလည်း အပြစ်ပေးခံထားရတဲ့ ကလေးတစ်ယောက်မျက်နှာလိုပဲ.. သူ့စိတ်ထဲမှာ ဒီလူတွေဘယ်သူတွေလဲ ငါ့အခန်းထဲဘာလုပ်နေကြတာလဲ လို့ တွေးနေပုံပဲ.. ကျွန်တော့် သူငယ်ချင်းက အရုပ်အကြောင်းပြောပြပြီး ပရိဘောဂတွေကို လိုက်ကြည့်နေကြတဲ့အချိန်မှာ နောက်တစ်ယောက်က ဒီရောဘတ်အူဂျင်းက တကယ့်အရူးကြီးပဲ လို့ပြောလိုက်မိတယ်.. ရုတ်တရက် အရုပ်ရဲ့မျက်နှာပုံစံပြောင်းသွားတာ သတိထားလိုက်မိတယ်။ သူ့ကြည့်ရတာ ကျွန်တော်တို့ ဘာပြောလိုက်တယ်ဆိုတာ နားလည်သလိုပဲ’ (သတင်းထောက် မဲလ်ကွန်ရော့စ်)
‘ပိုက်ပြင်နေတာဗျ.. ရီသံကြားလို့ လှည့်ကြည့်လိုက်တော့ အဲဒီအရုပ်.. ကျွန်တော့်နောက်မှာ ဘယ်လိုလုပ်ရောက်နေတယ် မသိဘူး’ (ပိုက်ပြင်သမား)
‘အဲဒီအရုပ် အိမ်ထဲမှာ ဟိုရွေ့ ဒီရွေ့ ဖြစ်နေတာ ခဏ ခဏ မြင်ရတယ်’ (အိမ်နီးချင်း)
‘မနေ့က သူ့ကို သန့်ရှင်းရေးလုပ်ပြီး မီးပိတ်ထားခဲ့တယ်.. ဒီနေ့မနက်လည်းရောက်ရော မီးတွေအကုန်ဖွင့်ထားတယ်.. အရုပ်ကလည်း ကျုပ်ထားခဲ့တဲ့ပုံစံအတိုင်း မဟုတ်ဘူး.. ညက ကျုပ်တိုက်ပေးထားခဲ့တဲ့ ဖိနပ်မှာလည်း ဖုန်အသစ်တွေ ပေနေတယ်.. ရူးချင်လာပြီ’ (ပြတိုက်ဝန်ထမ်း)
ဟုတ်ကဲ့ သူတို့အားလုံး ရောဘတ်လို့ ခေါ်တဲ့ အရုပ်အကြောင်းပြောနေကြတာပါ။ ဒီအရုပ်ကလေးမှာ ၀ိဥာဉ်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ခဲ့တယ်။ ရောဘတ်ကို အခြေတည်ပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့ အရုပ်သရဲကား Child’s Play ထဲက Chucky ဖြစ်လာပါတယ်။
Okay ကျွန်တော် စုထားတဲ့ ရောဘတ်အကြောင်း ဖတ်ကြည့်ရအောင်
အပြင်ပန်းအမြင်အရပြောရမယ်ဆိုရင် ရောဘတ်ဟာ ၂၀ရာစုအစောပိုင်းက အမေရိကန် သဘောင်္သားဝတ်စုံ ၀တ်ထားတယ် ၊ excelsior လို့ခေါ်တဲ့ သိုးမွှေးနဲ့တူတဲ့ အစနဲ့ လုပ်ထားတယ်၊ အထဲမှာ ကောက်ရိုးသွပ်ထားတယ်၊ တကယ့် ကလေးတစ်ယောက်လို အရပ် ၃ပေ ၃လက်မလောက်ရှိတယ် ၊ ကြယ်သီးတပ်ထားတဲ့ မျက်လုံးနက်နက်နဲ့ မပီမပြင်တဲ့ မျက်နှာအမူအရာရှိပါတယ်။ ခြေဆန့်ပြီး ထိုင်နေတဲ့ပုံစံရှိပြီး သူ့လက်ထဲမှာ ခြင်္သေ့ရုပ်ကလေးတစ်ရုပ်ကိုလည်း ပိုက်ထားတယ်။
1800 ခုနှစ်နောက်ပိုင်းမှာ Thomas Otto လင်မယားစုံတွဲဟာ သားကလေး Robert Eugene Otto (ရောဘတ် အူဂျင်း အိုတို) နဲ့ မိသားစုဝင်တွေအားလုံး Floridaပြည်နယ် Key Westမှာရှိတဲ့ Eaton နဲ့ Simonton လမ်းထောင့်က အိမ်ကြီးကို ပြောင်းလာခဲ့ကြတယ်။ (ခုတော့ လူတွေလာလာကြည့်ကြတဲ့ Artist's Hands လို့ ခေါ်တဲ့အိမ်ပေါ့)။ အဲဒီမှာ အစေခံတွေ တပြုံတမကြီးပါလာတယ်။ အိုတိုမိသားစုက အစေခံတွေကို ညှင်းပန်းနှိပ်စက်တတ်တယ်လို့ နာမည်ကြီးပါတယ်။ ရောက်ပြီး ချက်ချင်းပဲ ရောဘတ်ကလေးကို ထိန်းဖို့ ဟေတီအစေခံတစ်ယောက်ကို ငှားခဲ့တယ်။ တနေ့တော့ ကလေးထိန်းက နောက်ဖေးခြံထဲမှာ မှော်လိုလို စုန်းလိုလိုတွေ လေ့ကျင့်နေတာကို ရောဘတ်အမေတွေ့တော့ လန့်ပြီး အလုပ်ဖြုတ်လိုက်တယ်။ ကလေးထိန်းက ထွက်မသွားခင် ရောဘတ်ကလေးကို လူနဲ့တူတဲ့ ကောက်ရိုးသွပ် အရုပ်တစ်ရုပ်ကိုပေးခဲ့တယ်။ အဲဒီခေတ်တုန်းက လူအရွယ်လောက်ရှိတဲ့ အရုပ်တွေမရှိသေးဘူး။ ရောဘတ်ကလေးအတွက် သူတမင်လုပ်ထားခဲ့တာပါ။ ရောဘတ်လေးက အရုပ်ကို အရမ်းကြိုက်သွားပြီး သူ့နာမည်အတိုင်း ရောဘတ် လို့ပဲ ပေးလိုက်တယ်။ သူ့အ၀တ်တွေဝတ်ပေးပြီး ယုံကြည်ရတဲ့ သူငယ်ချင်းအဖော်တစ်ယောက်လို ထားခဲ့တယ်။ မြို့ထဲသွားရင်လည်း ခေါ်သွားတယ် ၊ ညစာစားရင်လည်း အရုပ်ရောဘတ်အတွက် ခုံတစ်ခုံသီးသန့်ထားတယ်၊ ညဆိုလည်း အိပ်ရာထဲခေါ်အိပ်ခဲ့တယ်။ စားအတူ သွားအတူ အိပ်အတူ တနေ့တနေ့ အရုပ်ရောဘတ်နဲ့ ကစားနေတာပါပဲ။ တနေ့တော့ ရောဘတ်ကလေးက သူ့ကို ဂျင်းန် လို့ပဲခေါ်ပါ ၊ ရောဘတ်ဆိုတာ သူ့နာမည်မဟုတ်တော့ဘူး ၊ အရုပ်နာမည် ဖြစ်သွားပြီဆိုပြီး ပြောလာတယ်။ တခါတခါ အခန်းထဲမှာ ကလေးက အရုပ်နဲ့စကားပြောနေတတ်တယ်။ ဂျင်းန်က တစ်ခုခုပြောလိုက် နောက်အသံတိုးတိုးလေးတစ်ခုက ပြောလိုက်နဲ့ ကလေးဘာဝ ဆော့နေတာပဲ ထင်ခဲ့ကြတယ်။ အရုပ်ရောဘတ်က ထိုင်ခုံပေါ်အခန့်သားထိုင်နေပြီး ဂျင်းန်က ထောင့်မှာကုတ်နေတဲ့ ပုံစံမျိုးတွေပါ တွေ့လာတော့မှ လူကြီးတွေ သတိပြုမိလာကြတယ်။ ဒါပေမဲ့ ဒါက အစပိုင်းပဲ ရှိသေးတယ်။ နောက်ပိုင်းမှာ ပစ္စည်းတွေကို အခန်းထောင့်မှာ လွှင့်ပစ်ထားတာတို့ ၊ ဂျင်းန်အရုပ်တွေ တစစီ ဖြစ်နေတာတို့ ၊ တခစ်ခစ်ရီသံတွေ ညဘက်ကြားလာရတာတို့တွေပါ တွေ့လာရတယ်။ မဟုတ်တာ တခုခုလုပ်လို့ လူကြီးတွေဆူတဲ့အခါတိုင်း ဂျင်းန်ပြောတာက ‘ကျွန်တော်လုပ်တာမဟုတ်ဘူး ၊ ရောဘတ် လုပ်တာ’။ မသင်္ကာစရာ မူမမှန်တဲ့အရာတွေ တွေ့လာရပြီးမှာ လူကြီးတွေ တိုင်ပင်ပြီး ရောဘတ်ကို ဂျင်းန်နဲ့ခွဲထားလိုက်တော့တယ်။ အိမ်နဲ့ဝေးတဲ့နေရာမှာ ပညာသင်ဖို့ အကြောင်းပြချက်နဲ့ ဂျင်းန်ကို အဝေးပို့လိုက်ပြီး အပေါ်ထပ် ထပ်ခိုးပေါ်က သေတ္တာတစ်ခုထဲမှာ ရောဘတ်ကို သော့ခတ်သိမ်းထားလိုက်ကြတယ်။နောင်နှစ်ပေါင်းများစွာကြာတဲ့ အထိပေါ့။
ဂျင်းန် အရွယ်ရောက်လာတော့ ထင်ရှားတဲ့ ပန်းချီဆရာတစ်ယောက် ဖြစ်လာတယ်။ ဗစ်တိုးရီးယန်းအိမ်မှာ သူ့ဇနီးအသစ်စက်စက်နဲ့အတူ နေထိုင်နေတုန်း သူ့အဖေဆုံးပါးတဲ့ သတင်းကိုကြားတော့ ဂျင်းန်တစ်ယောက် ဇနီးကိုခေါ်ပြီး Key Westက အိမ်ကို ပြန်လာရတော့တယ်။
သူ့ရဲ့အိမ်က အနုပညာအလုပ်တွေလုပ်ဖို့ အကောင်းဆုံးလို့ ဂျင်းန်က ယူဆတယ်။ Artists' Hands လို့ နာမည်ပေးပြီး သူဆွဲတဲ့ ပန်းချီတွေနဲ့ ကိုယ်ပိုင်ပြတိုက်တစ်ခုလိုမျိုးဖြစ်အောင် စတင်ဖန်တီးတော့တယ်။ Fort East Martello ပြတိုက်မှာလည်း Gallery တစ်ခုကို ဒီဇိုင်းဆွဲခဲ့တယ်။ ဂျင်းန်ဟာ ငယ်ငယ်တုန်းက ဆော့ကစားခဲ့တဲ့ အရုပ်တွေကို ဖုန်တောထဲက ဆွဲထုတ်တဲ့အချိန်မှာ ရောဘတ်ပါ ပြန်ပါလာတယ်။ ရောဘတ်ကို တွေ့လိုက်တာနဲ့ ဂျင်းန်ဟာ ကလေးဘ၀တုန်းကလို သွားလေရာနေရာ ရောဘတ်ကို တတွဲတွဲခေါ်သွားတော့တယ်။ စားအတူ သွားအတူထားတာ သူ့ဇနီးတောင် မနာလိုဖြစ်လာတယ်။ ရောဘတ်က ဂျင်းန်တို့ လင်မယားအိပ်တဲ့အချိန်မှာ အခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်ပြီး ကြည့်နေတတ်တယ်။ နောက်ဆုံး အိမ်ငှားတွေကို ထားခဲ့တဲ့ အကောင်းဆုံးအခန်းက ရောဘတ်ရဲ့အခန်းဖြစ်သွားပြီး ဂျင်းန်ဇနီးက ထပ်ခိုးပေါ်ပြောင်းနေရတဲ့အထိ။
သူတို့ရဲ့အိမ်ထောင်ရေးကလည်း တဖြည်းဖြည်း အေးစက်လာပြီး ဂျင်းန်ရဲ့မိန်းမဟာ စိတ်မူမမှန်သလို ဖြစ်လာပြီး ဘာရောဂါရယ်လို့ မယ်မယ်ရရ မရှိဘဲ ဆုံးပါးသွားတယ်။ သိပ်မကြာတဲ့ ၁၉၇၂ခုနှစ်မှာ ဂျင်းန်လည်း သူ့မိန်းမနောက်ကို လိုက်သွားတော့တယ်။
ဂျင်းန်မရှိတော့တဲ့နောက်မှာ ရောဘတ်ရဲ့ သက်ဝင်မှုက ပိုမိုထင်ရှားလာတယ်။ လူတွေကို စတင်တိုက်ခိုက်တယ် လို့ ယူဆရတယ်။ ထပ်ခိုးထဲမှာ လူတွေရောက်နေရင် အပြင်က သော့ခတ်ထားတယ်။ သူ့အခန်းဘေးက ဖြတ်သွားတဲ့လူတွေက ကျောချမ်းစရာရယ်သံကြီး ကြားရတယ်။ တခြားမိသားစုဝင်တွေလည်း ကြောက်သထက်ကြောက်လာပြီး အိမ်ကြီးကို မြန်မြန် ရောင်းလိုက်ကြတယ်။ ပိုင်ရှင်အသစ်တွေ မရောက်မချင်း အဲဒီအိမ်ထဲမှာ ရောဘတ်တစ်ယောက်တည်း အဲ တစ်ရုပ်တည်း ထီးတည်းရှိနေတယ်။ အိမ်ထဲမှာ ရောဘတ်ရွေ့လျားနေတာ အိမ်နီးချင်းတွေက ပြတင်းပေါက်ကနေ မကြာခဏ မြင်ကြရတယ် ဆိုပါတယ်။
လူသစ်တွေရောက်လာတော့ ရောဘတ်ကို ထပ်ခိုးပေါ်မှာ သိမ်းထားလိုက်ကြပြန်တယ်။ ဒါပေမဲ့ မကြာခင်ပဲ အိမ်ရှင်ရဲ့သမီး (၁၀)နှစ်အရွယ် ကလေးမလေးက ရောဘတ်ကို ရှာတွေ့ပြီး ယူဆော့ပါတော့တယ်။ ဒီတကြိမ်မှာတော့ ရောဘတ်က ငြိမ်မနေတော့ပါဘူး။ ဘယ်သူမှလည်း မထုတ်ဘဲ အိမ်ရဲ့ ဟိုနေရာ ဒီနေရာတွေမှာ ရောဘတ်ကို တွေ့ရတယ်။ ကလေးမလေးက ညဘက်လန့်အော်တာတွေ ဖြစ်လာပြီး ရောဘတ်က သူ့ကိုသတ်ဖို့လုပ်တယ်လို့ ပြောတယ်။ (နောင်နှစ်ပေါင်း ၃၀လောက်ကြာတဲ့အထိ သူဒါကို ကျိန်တွယ်ပြောနေတုန်းပါပဲ) ကြောက်စရာကောင်းတဲ့ တညမှာ အိမ်ရှင်တွေ လန့်နိုးလာတော့ အိပ်ရာဘေးမှာ ရောဘတ်ရောက်နေတယ်။ မီးဖိုခန်းထဲက ဓါးကိုကိုင်ထားပြီး တကိုယ်လုံးလှုပ်နေအောင် တသိမ့်သိမ့်ရယ်နေတယ်။ ဒီအဖြစ်အပျက်က ရောဘတ်ကို လူသိရှင်ကြား ထိန်းသိမ်းထားဖို့ ဖြစ်လာခဲ့တာပါပဲ။
အဲဒီအချိန်ကစပြီး ကျိန်စာတိုက်ထားတယ်လို့ ယူဆရတဲ့ အရုပ်ရောဘတ်ကို သူ့ပထမဆုံး သူငယ်ချင်း ဂျင်းန် Galleryဒီဇိုင်းဆွဲခဲ့ဖူးတဲ့ Fort East Martello ပြတိုက်ရဲ့ မြေတိုက်ခန်းထဲက မှန်အိမ်ထဲမှာ သော့ခတ်ထားတာ ခုထိပါပဲ။ ၀ိဥာဉ်သရဲတွေကို စူးစမ်းလေ့လာတဲ့ လူတွေ တကူးတက လာရောက်ကြည့်ရှုရတဲ့ အရုပ်ဖြစ်လာပါတော့တယ်။ သူ့ကို ဓါတ်ပုံရိုက်မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းရပါတယ်။ သူ့ကို လှောင်သလို ပြောင်သလိုတွေ ပြောမိခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ခင်ဗျားတစ်ပတ်လောက် အိပ်မက်ဆိုးတွေမက်ပြီး ညဘက် ထထိုင်နေရတော့မှာပဲ။
ပုံတွေကတော့ရနိုင်သလောက် ကျွန်တော်စုထားတာပါ

Source...FB
အရုပ်ကလေး ရောဘတ် (တကယ့် Chucky) အရုပ်ကလေး ရောဘတ် (တကယ့် Chucky) Reviewed by Digital BOX on 10:37 AM Rating: 5

No comments:

Powered by Blogger.