ဒညင်းသီးကို အဆိပ်ထုတ်မယ် . . .
တနေ့ကတော့ ကြက်ဥဘိန်းမုန့်လုပ်နည်းတင်တယ်
ဒီနေ့တော့ ရာသီစာအသီးဖြစ်တဲ့ ဒညင်းသီးအဆိပ်ထုတ်နည်းလေးတင်ပေးပါရစေ။
ဒညင်းသီးကို အသေကြိုက်တဲ့သူထဲမှာ ကျနော်လည်းပါပါတယ် . . . ကြိုက်တဲ့သူတွေလည်း အရမ်းကြိုက်ကြသလို ကြိုက်ရဲ့သားနဲ့လည်း အန္တရာယ်ဖြစ်မှာဆိုးလို့ ခါးနာလို့ အနံပြင်းလို့ သိပ်မစားရဲတဲ့သူတွေလည်းရှိမှာပါ။
ကိုယ်ကလည်း အရမ်းကြိုက်တော့ အဆိပ်ထုတ်လို့ရမယ့်နည်းမျိုးစုံ စမ်းကြည့်ပါတယ် . . တချို့ဝေမျှသလို နာနတ်သီးထည့်ပြုတ် ထမင်းထည့်ပြုတ်တာကအစ လုပ်ကြည့်ပါတယ် ။ ဒီနည်းကအဆင်အပြေဆုံးမို့ ဝေမျှလိုက်ပါတယ်။ဘာမှလည်းမလိုပါဘူး ရေပဲလိုတာပါခင်ဗျာ ။
ဟုတ်ကဲ့ ပထမဆုံးဝယ်လာတဲ့ ဒညင်းသီးအစိမ်းကို ထန်းလျက်ခဲ နှစ်လုံးလောက်ပစ်ထည့်ပြီး အခွံကွဲတဲ့အထိပြုတ်ပေးပါ။ ပြုတ်ပြီးရင် အခွံခွာ ရေလဲပြီး နောက်တစ်ခေါက်ထပ်ပြုတ်ပါ ဆယ်မိနစ်လောက် ဆိုရပါတယ် ထန်းလျက်မထည့်ပါနဲ့တော့။
ပြုတ်ရည်တွေနောက်နေပါလိမ့်ဦးမယ် . . ဒီတစ်ခေါက်ပြုတ်ပြီးရင် ဒညင်းသီးကို နှစ်ခြမ်းခွာပြီး ကြားထဲက အစေးတွေ အဖေးတွေကို စိတ်ရှည်ရှည်နဲ့ရေပြောင်အောင်ဆေးပေးပါ။
ရေဆေးပြီးရင် ရေအသစ်လဲ နောက်တစ်ခေါက်ပြုတ်ပါ ရေပွက်ပြီး ငါးမိနစ်လောက်ဆို နောက်တစ်ရေလဲပါ . . . လေးငါးခေါက်လောက်ဆို ပြုတ်ရင်းပြုတ်ရင်းနဲ့ ပြုတ်ရည်ဟာ နောက်ဆုံးဖွေးလာပါလိမ့်မယ် ဖွေးလာလေအဆိပ်နည်းလေပါ။ (ပြုတ်ရည်ဖွေးလာတဲ့အထိ ရေလဲလဲပီးပြုတ်ပေးပါ)
ဟုတ်ကဲ့ စားလို့ရပါပြီ။ စားတဲ့အခါလည်း အခြမ်းကြားထဲက အတက်ကလေးတွေဖယ်စားပေးပါ။ ခဏခဏပြုတ်လို့ မမာပါဘူး စေးနေတာပဲ။ ဆီဆားဆမ်းပေါ့။
မိတ်ဆွေတစ်ယောက်ဆို ဒညင်းသီးအရမ်းကြိုက်ပါတယ်။ ဒါပေမယ့် တစ်လုံးလောက်စားပြီးရင်ကို နောက်ရက်ခါးနာလို့ မစားရဲဘူး။ အိမ်လည်လာရင်း ထမင်းစားတော့ ကျွေးလိုက်တယ် စားကြည့် ခါးနာရင်နောက်ရက် လည်လာဖြတ်လို့ပြောလိုက်တယ်။ သုံးလေးလုံးစားတယ် တအံတသြနဲ့နောက်ရက် ဟျောင့်သားကြီး မင်းဘယ်လိုလုပ်လဲ ငါဘာမှမဖြစ်ဘူး အရင်ဆိုစားကိုမရဲတာတဲ့။ အင်း ငါအဆိပ်ထုတ်ထားတာလို့ နည်းလည်းပြောလိုက်တယ်။ ဒီနည်းက မရိုသေ့စကား အထွက်ကျရင်လည်း အနံကိုမရှိတော့တာ တကယ့်နည်းနည်းမှ နည်းနည်းလောက်ကျန်တယ် 😁။
နောက် ဒညင်းသီးကစားလို့ကျန်ရင် နောက်ရက်ဆို အနားတွေခြောက်ပြီး မာသွားတတ်ပါတယ်။ နောက်ဆုံးကျန်တဲ့ ပြုတ်ရည်ထဲမှာ ကုန်သလောက်ယူစားပြီး ကျန်တာအဲပြုတ်ရည်ထဲပဲထားပါ နောက်ရက်စားခါနီး တပွက်လောက်ပြုတ်ပေးလိုက်ပါ စေးပြီးစားကောင်းနေဆဲပါ။
ဟုတ်ကဲ့ ဒညင်းသီးကြိုက်တဲ့သူတွေအတွက် နည်းလမ်းကိုဝေမျှပေးတာပါ။ ဘာစားစားတန်ဆေး လွန်ဘေးလေးမို့ ဂရုတစိုက်စားရင်း လုပ်စားကြည့်ကြပါခင်ဗျာ။

Source from Facebook
ဒညင်းသီးကို အဆိပ်ထုတ်မယ်
Reviewed by Digital BOX
on
1:13 PM
Rating:
No comments: